ဥပုသ်သည်တို့ ဆင်ခြင်အပ်သည့် နတ်ပြည်ရောက်ကြောင်းတရား

ဥပုသ်သည်တို့ ဆင်ခြင်အပ်သည့် နတ်ပြည်ရောက်ကြောင်းတရား

ဥပုသ်သည်တို့ ဆင်ခြင်အပ်သည့် နတ်ပြည်ရောက်ကြောင်းတရား

ဥပုသ်စောင့်ရာတွင် သတိပြုရမည့် အချက်များ

တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ ကြည့်မိသတဲ့ …

အဲဒီလို ကြည့်မိတဲ့ အခါ လူ့ပြည်မှာ ၀ါတွင်းကာလ ဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့ …

အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို အရှင်သိကြားမင်း

လူ့ပြည်မှ လူတွေ ဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ ကွယ်လွန်တဲ့ အခါ နတ်ပြည် ရောက်ကြမှာမို့

နတ်ပြည်မှာ နေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ် …

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်က ရတာ …

ကုသိုလ်ရမှ နတ်ပြည် ရောက်နိုင်တာ …

ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး …

သင် မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် , မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့ သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါ , မပါကို

ငါလက်တွေ့ ပြမယ်လို့ နတ်သမီးလေးကို ပြောပါတယ် …

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက် ( ၆၀ )ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ ( ၁၆ ) နှစ် အရွယ်

အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ် …

လူ့ပြည်ရောက်တဲ့ အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့ …

အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ် …

အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ –

ဇရပ်ပေါ်က အမျိုးသမီး တစ်စုက ( ၁၆ ) နှစ်ရွယ် သမီးပျိုလေးကို

ဟဲ့ …သူငယ်မ ညည်းနဲ့ အဘိုးကြီး ဘာတော်သလဲ ? ညည်းအဖေလား , ယောက်ျားလား ? လို့စပ်စပ်စုစု မေးကြသတဲ့ …

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက –

အဘိုးကြီးဟာ ကျွန်မရဲ့ ခင်ပွန်းပါရှင့် လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး …

ကြည့်စမ်းပါဦးတော် ရုပ်ကလေး သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား …

တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ …

ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာ ယူရတယ်လို့ နွားအို မြက်နုကြိုက် ဆိုတာ ဒါမျိုးပေါ့ လို့ တစ်ယောက်တစ်ပေါက် အတင်းပြောကြသတဲ့ …

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့ အခါ အမျိုးသားတွေ စုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ် …

အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ် ဆိုရင်ပဲယောက်ျားတွေက –

ကြည့်စမ်းဟေ့ မလိုက်တဲ့ စုံတွဲကွာ အဘိုးကြီးကလည်း မခေဘူးနော် ကောင်မလေးကို မုန့်ပေးပြီး ကြိုက်တာနေမှာ

ကောင်မလေးကတော့ ကံဆိုးတာပဲမကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ် …

ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား လို့ မကြားတကြား သရော်ကြသတဲ့ …

အဲဒီ ကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ် …

အဲဒီရေအိုးစင်နားမှာ အဘွားအို တစ်ဦးဟာ ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့ …

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကို သွားပြီး …

အဖွား ဒီရေအိုးစင်မှာ ရေရှိသလား ? ကျွန်မ ခင်ပွန်း ရေဆာနေလို့ပါရှင် လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက –

ရှိပါတယ် သူငယ်မရယ် သဘောရှိ သောက်ပါ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ လို့ ပြောပါတယ် …

ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက် ကြည့်လိုက်ပြီး …

သြော် … မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး …

ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ …

စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့ တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ ရိုရိုသေသေပြုစုပေါ့ကွယ် လို့ ဆုံးမစကားပြောပါတယ် …

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကို ပြန်သွားသတဲ့ …

နတ်ပြည်ရောက်တဲ့ အခါ သိကြားမင်းက –

ကိုင်း ဘယ့်နှယ့်ရှိစ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေများပါရဲ့ အများစုက စေတနာမသန့်ကြဘူး …

ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ် …

ဒါကြောင့် အခု ဥပုသ်စောင့်တဲ့ သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအို တစ်ယောက်ပဲနတ်ပြည်ရောက်လိမ့်မယ် …

ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည် သွားကြရမှာပဲ လို့နတ်သမီးလေးကို ပြောပြပါတယ် …

ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ …

အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန် ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ …

အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင် နေထိုင်ပုံမျိုးကို တစ်ရက်တာမျှ အတုခိုး ကျင့်ကြံတာမျိုးပါ …

ဒီအချက်တွေကို ထောက်ဆကြည့်ရင့် ဥပုသ်စောင့်တယ် ဆိုတာ ဘယ်လောက် အထက်တန်းကျ မြင့်မြတ်လှတယ် ဆိုတာ ဆင်ခြင်ဥာဏ်ရှိသူတိုင်း သိကြမှာပါ …

ဒါကြောင့် …

လောက ဓမ္မနှစ်ဖက်လှပြီး အစဉ်အလာကောင်းတဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ် တစ်ခု အလွယ်တကူ မတိမ်ကော မကွယ်ပျောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ

လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့သမိုင်းပေး တာဝန်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ် …

ဆရာတော်_ရဝေထွန်း ( အရှင် တိလောကသာရ )