
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။
ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး ၂ဂိုး နဲ့ရှုံးနိမ့်ခဲ့ရပေမဲ့ ဒုတိယ အကျော့ ပြန်ကန်ပွဲမှာ မန်ယူက မန်စီတီးအသင်းကို ၁ဂိုး ဂိုးမရှိ နဲ့ အနိုင်ကစားခဲ့ပါတယ်။ ဖလားကို လှမ်းယူနိုင်မယ့် အနေအထားရှိခဲ့တဲ့ အနေအထားပါ။
တစ်ဖက်မှာက အက်စတန်ဗီလာနဲ့ ဖိုင်နယ် ကစားရမှာ ဖြစ်လို့ မန်ယူပဲဖြစ်ဖြစ် မန်စီတီးပဲ ဖြစ်ဖြစ် နိုင်တဲ့သူက ဖလားရဖို့ သေချာသလောက် အနေအထား ရှိခဲ့ ပါတယ်။ မန်ယူ ကစားသမားတွေရဲ့ အိမ်ကွင်း ဂိုးသွင်းမှု အားနည်းခဲ့လို့ မန်စီတီးက ကာရာဘောင်ဖလားကို ကိုင်မြှောက်ခွင့် ရသွားပါတယ်။
ကာရာဘောင်ဖလားဆိုတာ အင်္ဂလန်က ဘယ်အသင်းမဆို ဝင်ပြိုင်လို့ ရတဲ့ ဖလားဖြစ်လို့ ဂုဏ်သိက္ခာရှိတဲ့ ဖလားတစ်လုံးကို လက်လွတ်လိုက် ရတာပါပဲ။
အင်္ဂလန်ရဲ့ ဘောလုံးအသင်းတွေ မက်မောတဲ့ နောက်ထပ် ဖလားတစ်လုံး FA ဖလားပါပဲ။ အင်္ဂလန် ဘောလုံးအဖွဲ့ ချုပ်က ကြီးမှုးပြီး ကျင်းပတဲ့ပွဲ ဖြစ်ပြီး သက်တမ်း အကြာရှည်ဆုံး ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။
မန်ယူက ချယ်လ်ဆီးအသင်း နဲ့ ဆီမီး ဖိုင်နယ်မှာ ထိပ်တိုက် တွေ့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့်ဘောလုံးပွဲတွေ ရပ်နားပြီးနောက်မှာတော့ ဇူလိုင်လထဲမှာ ပြန်ကစားရတော့ မန်ယူနဲ့ ချယ်လ်ဆီးတို့ ရဲ့ FA ဖလား ဆီးမီး ဖိုင်နယ်က အထင်ကရပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီး ရဲ့ တိုက်စစ်ကို မတားနိုင်လို့ မန်ယူ က ၃ဂိုး ၁ဂိုး နဲ့ ရှုံးခဲ့ရပါတယ်။ ဖိုင်နယ်မှာ အာဆင်နယ် အသင်းနဲ့ တွေ့ရမယ်ဆိုတာ မှန်ပေမဲ့ တကယ်လို့ မန်ယူသာ ချယ်ဆီးကို နိုင်ခဲ့မယ်ဆိုရင် သေချာပေါက် FA ဖလားကို မန်ယူတို့ ရနိုင်ဖွယ် ရှိပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ မန်နေဂျာ ဆိုးလ်ရှားက ချန်ပီယံဖြစ်သွားတဲ့ အာဆင်နယ်အသင်းကို ဘယ်လိုနိုင်အောင် ကစားရမယ်ဆိုတာ ကောင်းကောင်း သိနေလို့ပါပဲ။ ကံဆိုးချင်တာက ချယ်လ်ဆီးက အာဆင်နယ်ကို နိုင်အောင် မကစားတတ်လို့ အာဆင်နယ် အသင်း FA ဖလားကိုင်မြှောက်ခွင့် ရသွားတာပါ။
မနေ့ညက ကစားတဲ့ ဆီဗီးလားနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲကလည်း ဒီရာသီအတွက် မန်ယူအသင်းရဲ့ နောက်ဆုံး အိပ်မက်ပါပဲ။ ဥရောပ ပြိုင်ပွဲဖြစ်လို့ ခက်ခဲမှုတွေ အပြည့်ရှိပါတယ်။ တစ်ဖက်မှာက ဒီညကစားမယ့် အင်တာမီလန်နဲ့ ရှက်တာဒိုနက် တို့နဲ့ ဖိုင်နယ်မှာ တွေ့ဆုံရမှာပါ။
မန်ယူအသင်းအနေနဲ့ အဲ့ဒိ ၂သင်းလုံး က ကြောက်စရာကောင်းတဲ့ အသင်းတွေ မဟုတ်တဲ့အတွက်ကြောင့် နောက်ဆုံး အိပ်မက်ရှင်သန်ခွင့် ရှိနေတာကို မြင်းကောင်း ခွာလိပ်ဖြစ်ပြီး ၂ဂိုး ၁ဂိုး နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ်။ မန်ယူရဲ့ ဆီမီးဖိုင်နယ် ညတွေက ဖလား ၃လုံး အိပ်မက်ကို ပျက်ပြယ် သွားစေခဲ့ပါတယ်။
မောင်ယဿ, REF: BBC, Photo; wallpaper cave
No Comments